မူလဝင်ငွေအခြေအနေသို့ ပြန်လည်ရောက်ရှိစေမည့်အစီအစဉ်၏ အဆင့်လိုက်တိုးတက်မှုများ (ဇုန်အေ)

၂၀၁၄၊ ဇွန်လမှစ၍ မူလဝင်ငွေ အခြေအနေသို့ ပြန်လည်ရောက်ရှိစေမည့် အစီအစဉ်၏ လုပ်ငန်းစဉ် တစ်ရပ်အဖြစ် စီမံကိန်းကြောင့် ပြောင်းရွှေ့ရသည့် လူပုဂ္ဂိုလ်များ၊ မြန်မာအစိုးရ၊ လူမှုအဖွဲ့အစည်းများနှင့် သက်ဆိုင်ရာ ပုဂ္ဂိုလ်များ ပါဝင်သည့် အလုပ်ရုံ ဆွေးနွေးပွဲများ ဆက်တိုက် ပြုလုပ်ပြီး ပြန်လည်နေရာချထားရေး ကဏ္ဍတွင် ဦးစားပေး ဆောင်ရွက်ရမည့် ကိစ္စရပ်များကို ဆန်းစစ် ဖော်ထုတ်ခဲ့သည်။

နိုင်ငံသားစိစစ်ရေးကတ် ရရှိအောင် ကူညီခြင်း

ရွှေ့ပြောင်းနေရာချမှု လုပ်ငန်းစဉ်များ အတောအတွင်း စီမံကိန်းကြောင့် ပြောင်းရွှေ့ရသူ အများအပြားသည် ၎င်းတို့၏ နိုင်ငံသား စိစစ်ရေး (မှတ်ပုံတင်)ကတ်များ ပျောက်ဆုံးသည့် အခြေအနေနှင့် ကြုံခဲ့ရသည်။ နိုင်ငံသား စိစစ်ရေးကတ် မရှိသည့်အခါ နေရာသစ် ရွှေ့ပြောင်းချိန်၌ ကလေးများကို ကျောင်းအသစ်တွင် အပ်နှံပေးခြင်း၊ ဘဏ်စာရင်း အသစ်ဖွင့်ခြင်း၊ တရားဝင် ခရီးစဉ်များ သွားရောက်ခြင်း၊ နိစ္စဓူဝ ရုံးပိုင်းဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်ခြင်းတို့ကို ပြုလုပ်နိုင်မည် မဟုတ်ချေ။ မူလဝင်ငွေ အခြေအနေသို့ ပြန်လည်ရောက်ရှိစေမည့် အစီအစဉ် ဖြစ်မြောက်ရေး ဆပ်ကော်မတီ(IRPISC)က စီမံကိန်းကြောင့် ရွှေ့ပြောင်းရသူ အားလုံးကို နိုင်ငံသား စိစစ်ရေးကတ်များ ထုတ်ပေးခြင်း၊ ပြန်လည် လျှောက်ထားခြင်းတို့ ပြုလုပ်နိုင်အောင် အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန နှင့်ပူးပေါင်း ဆောင်ရွက်ပေးခဲ့ပါသည်။

ကလေးငယ်များကို ကျောင်းပြောင်းအပ်နှံပေးခြင်း

စီမံကိန်းကြောင့် နေရာပြောင်းရွှေ့ခဲ့ရသည့် မိသားစုများမှ ကလေး ၂၃ ဦးကို ပြန်လည် နေရာချထားပေးသည့် ဧရိယာ အနီးရှိ ကျောင်းတစ်ကျောင်းသို့ အပ်နှံပေးခဲ့သည်။ ယင်းကလေး ၂၃ ဦးအနက် ၂၁ ဦးသည် သီလဝါ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီနှင့် ပညာရေး ဝန်ကြီးဌာနတို့ ကူညီမှုဖြင့် ၂၀၁၄၊ ဇွန်လ (စာသင်နှစ်အစ)တွင် ကျောင်းပြောင်းနိုင်ခဲ့သည်။ ကျောင်းပြောင်းခဲ့ရသည့် ကလေးငယ်များ၏ မိသားစုများအနက် ၉၈ ရာခိုင်နှုန်းအတွက် ကျေနပ်မှု အပြည့်အဝ ရရှိစေခဲ့သည်။ ကျန်ကလေး ၂ ဦးမှာမူ မိသားစု အရေးကိစ္စများကြောင့် ကျောင်းအသစ်တွင် တက်ရောက်နိုင်ခဲ့ခြင်း မရှိချေ။ ၂၀၁၆၊ ဩဂုတ်လတွင်မူ စီမံကိန်းကြောင့် နေရာပြောင်းရွှေ့ခဲ့ရသည့် မိသားစုများမှ ကျောင်းနေအရွယ် ကလေး ၃၈ ဦးတွင် ၃၅ ဦးမှာ ပညာဆက်လက် သင်ကြားနေနိုင်ပြီ ဖြစ်သည်။

 အသက်မွေးသင်တန်းများနှင့်အလုပ်အကိုင် ဆက်စပ်ပေးခြင်းများ

(၁)   အသက်မွေး သင်တန်းများ

စီမံကိန်းကြောင့် ပြောင်းရွှေ့ရမည့် သူများကို ၎င်းတို့၏ ကျွမ်းကျင်မှုနှင့် အလုပ်အကိုင် အခွင့်အလမ်းများ တိုးပွားလာစေရန်အတွက် သင်တန်းများ ပို့ချပြီး ကူညီ ပံ့ပိုးခဲ့သည်။ စီမံကိန်းကြောင့် ပြောင်းရွှေ့ရသူများသည် ဒေသဆိုင်ရာ လူမှုအဖွဲ့အစည်းများနှင့် တွေ့ဆုံသည့် အစည်းအဝေးများတွင် ပါဝင်ခွင့် ရခဲ့ပြီး မည်သို့သော အလုပ်အကိုင်မျိုးကို ရွေးချယ်သင့်သည်၊ အနာဂတ်တွင် မည်သည့် ဝင်ငွေရင်းမြစ်ကို ရွေးချယ် မှီခိုသင့်သည် ဆိုသည်များကို နှီးနှောဆွေးနွေးခွင့် ရခဲ့သည်။ ဒေသဆိုင်ရာ လူမှုအဖွဲ့အစည်းများကလည်း စီမံကိန်းကြောင့် ပြောင်းရွှေ့ရမည့် လူပုဂ္ဂိုလ်များအတွက် လိုအပ်မည့် အသက်မွေး သင်တန်းများကို စာရင်းကောက်ယူ စစ်တမ်းပြုစုခြင်းများ ပြုလုပ်ခဲ့သည်။

၂၀၁၄၊ ဇန်နဝါရီမှ ဇွန်လထိ သတ်မှတ်ထားသည့် ကနဦး အသက်မွေး သင်တန်း အစီအစဉ် ပြီးမြောက်သည့်နောက် ၎င်းတို့ လိုအပ်မည့် ကျွမ်းကျင်မှုဆိုင်ရာ သင်တန်းများကို သတ်မှတ်ခြင်း၊ သင်တန်းပို့ချမည့်နေရာ ရှာဖွေခြင်းများကို စီမံကိန်းကြောင့် ရွှေ့ပြောင်းရသူများက ဦးဆောင် ရွေးချယ်ခွင့် ရခဲ့သည်။ သင်တန်းပုံမှန် တက်ရောက်သူများကိုလည်း နေ့စဉ် ငွေကြေးခံစားခွင့် ရရှိရန် စီစဉ်ပေးခဲ့သည်။

အနှစ်ချုပ် ဆိုရသော် မူလဝင်ငွေ အခြေအနေသို့ ပြန်လည် ရောက်ရှိစေမည့် အစီအစဉ်သည် အခြေခံ ဂဏန်းသင်္ချာ သင်တန်းများ၊ ယာဉ်မောင်း သင်တန်းများ၊ လုံခြုံရေး ဝန်ထမ်းဆိုင်ရာ သင်တန်းများ၊ အချုပ်အလုပ် သင်တန်းများ၊ ဘာသာစကား (အင်္ဂလိပ်နှင့် ဂျပန်) သင်တန်းများ၊ ကွန်ပျူတာ သင်တန်းများ၊ လျှပ်စစ်ကျွမ်းကျင် သင်တန်းများ အပါအဝင် အသက်မွေး သင်တန်းများကို ကျယ်ကျယ်ပြန့်ပြန့် ကူညီ ထောက်ပံ့ပေးခဲ့သည်။

ယင်းတို့အနက် အချို့သော သင်တန်းများကို မြန်မာ-ဂျပန် သီလဝါ ဖွံ့ဖြိုးတိုးတက်ရေး လီမိတက် (MJTD)က တိုက်ရိုက် ထောက်ပံ့ပေးခဲ့ပြီး အထူး စီးပွားရေးဇုန်တွင် အခြေစိုက်သည့် ဂျပန် အသက်မွေးသင်တန်း အဖွဲ့အစည်း Fuji Workကလည်း ကူညီခဲ့သည်။ ၎င်းတို့၏ ဆောင်ရွက်ချက်များတွင် အထူးစီးပွားရေးဇုန် အတွင်းရှိ အရုပ်လုပ်ငန်း Cute Myanmar Thilawa ကုမ္ပဏီ လီမိတက်ကဲ့သို့ စက်ရုံ လုပ်ငန်းခွင်များကို သွားရောက် လေ့လာလည်ပတ်ခြင်းမျိုးလည်း ပါဝင်သည်။

              

(၂)   အလုပ်အကိုင် ဆက်စပ်ပေးခြင်းများ

အထူးစီးပွားရေးဇုန် ဧရိယာတွင် ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ပြီးနောက် စီးပွားရေး လုပ်ငန်းများက ဇုန်ဧရိယာအတွင်း မြေနေရာ ငှားရမ်းခြင်း၊ ဆောက်လုပ်ရေး ကုမ္ပဏီများ လုပ်ငန်းစတင်ခြင်းများ ဖြစ်ပေါ်လာသလို ဒေသခံ အလုပ်သမားများကိုလည်း အထူးစီးပွားရေးဇုန်အတွက် ခေါ်ယူ အသုံးပြုလာကြသည်။ မူလဝင်ငွေ အခြေအနေသို့ ပြန်လည်ရောက်ရှိစေမည့် အစီအစဉ်ကလည်း စီမံကိန်းကြောင့် ရွှေ့ပြောင်းခဲ့ရသူများအတွက် အလုပ်လျှောက်လွှာများ ကူညီ စီစဉ်ပေးခြင်း၊ အလုပ်အင်တာဗျူးအတွက် ညှိနှိုင်း အကြံပေးခြင်း၊ သီလဝါ အထူးစီးပွားရေးဇုန်၏ အဓိက ဖွံ့ဖြိုးရေး တာဝန်ခံဖြစ်သော မြန်မာ-ဂျပန် သီလဝါ ဖွံ့ဖြိုးတိုးတက်ရေး လီမိတက် (MJTD)၊ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့တို့နှင့် နီးစပ်စွာ ပူးပေါင်းဆောင်ရွက်ခြင်းများ ရှိခဲ့သည်။ မူလဝင်ငွေ အခြေအနေသို့ ပြန်လည် ရောက်ရှိစေမည့် အစီအစဉ်သည် စီမံကိန်းကြောင့် ရွှေ့ပြောင်းရသူများက အထူးစီးပွားရေးဇုန်တွင် ပြန်လည် အလုပ်လုပ်ရန် စိတ်အားထက်သန်မှု အခြေအနေနှင့် ၎င်းတို့ အလုပ်အကိုင် ရရှိမှု အခြေအနေများကို ခြေရာခံ ဆန်းစစ်ခဲ့သည်။ ၂၀၁၆၊ ဩဂုတ်လကုန်တွင် အထူးစီးပွားရေးဇုန်၌ ပြန်လည် အလုပ်လုပ်နေသည့် စီမံကိန်းကြောင့် ရွှေ့ပြောင်းခဲ့ရသူ အရေအတွက် ၂၆ ဦး ရှိနေပြီ ဖြစ်သည်။ အခြား ၁၆ ဦးက အထူးစီးပွားရေးဇုန်တွင် အလုပ်လျှောက်ထားကြပြီး ၂၀၁၆၊ အောက်တိုဘာတွင် အင်တာဗျူး ဖြေဆိုရန် စောင့်ဆိုင်းနေကြသည်။

 

 အလုပ်အကိုင် ဆက်စပ်ပေးခြင်းများအတွက် ဆက်သွယ်ဆောင်ရွက်မှုများ

(၃)   သီလဝါအထူးစီးပွားရေးဇုန်အတွင်း လေ့လာရေး ခရီးစဉ်များ

၂၀၁၅ ခုနှစ် နှောင်းပိုင်းတွင် သီလဝါ အထူးစီးပွားရေးဇုန် လုပ်ငန်းများ စတင်ခဲ့သလို စီးပွားရေးလုပ်ငန်း အချို့လည်း အစပြု လည်ပတ်လာခဲ့သည်။ စီမံကိန်းကြောင့် ရွှေ့ပြောင်းရသူများ အနေဖြင့် အထူးစီးပွားရေးဇုန် ဖွံ့ဖြိုးရေး လုပ်ငန်းများအကြောင်းနှင့် မည်သို့သော အလုပ်အကိုင် နေရာများ လစ်လပ်နေနိုင်ကြောင်း ပိုမိုသိရှိစေရန်အတွက် လုပ်ငန်းခွင်အတွင်း လှည့်လည် လေ့လာသည့် ခရီးစဉ်များ အကောင်အထည် ဖော်ပေးခဲ့သည်။ အဆိုပါ အစီအစဉ်တွင် ပါဝင်ခဲ့သည့် စီမံကိန်းကြောင့် ရွှေ့ပြောင်းရသူ အရေအတွက် ၄၅ ဦး ရှိခဲ့သည်။

 

အသေးစား ငွေစုငွေချေးလုပ်ငန်း

စီမံကိန်းကြောင့် ရွှေ့ပြောင်းရသူများ၏ ဘဝမြှင့်တင်ရေးအတွက် အထောက်အကူ ဖြစ်စေရန် ၂၀၁၅ ခုနှစ်၊ မတ်လတွင် လူမှု အခြေပြု အသေးစား ငွေစုငွေချေး လုပ်ငန်းဆိုင်ရာ အစီအစဉ် တစ်ခုကိုလည်း ဖော်ဆောင်ပေးခဲ့သည်။ ငွေစုငွေချေး လုပ်ငန်းတစ်ခုနှင့် ဒေသခံ လူမှုရေး အဖွဲ့အစည်း ရွှေမှော်ဝန်းတို့က စီမံကိန်းကြောင့် ရွှေ့ပြောင်းရသည့် လူပုဂ္ဂိုလ်များနှင့် ပူးပေါင်း၍ အဆိုပါ အစီအစဉ်ကို အကောင်အထည် ဖော်ခဲ့သည်။

အစားထိုး နေရာချထားပေးသည့်ဧရိယာတွင် အခြေခံအဆောက်အအုံများ တည်ဆောက်ခြင်း

၂၀၁၄ ခုနှစ်၊ မိုးရာသီ အကုန်တွင် အထူးစီးပွားရေးဇုန်၏ အစားထိုး နေရာချထားပေးသည့် ဧရိယာတွင် ရေလွှမ်းမိုးမှုများနှင့် သောက်သုံးရေ အခက်အခဲ ပြဿနာများ ပေါ်ပေါက်လာခဲ့သည်။ ယင်းကို တုံ့ပြန်သည့် အနေဖြင့် သီလဝါ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီ (TSMC)က အဆိုပါ နေရာ၌ သင့်တော်သော ရေဆင်းစနစ် တည်ဆောက်နိုင်ရန်နှင့် လိုအပ်သော မွမ်းမံမှုများ ပြုလုပ်ရန်အတွက် အိမ်တစ်အိမ်ချင်းကို မြေအမြင့် တိုင်းတာမှုများ၊ အခြားလိုအပ်သည့် အချက်အလက် ကောက်ခံမှုများ ပြုလုပ်ခဲ့သည်။ ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA)မှ ကျွမ်းကျင်ပညာရှင် အဖွဲ့ကလည်း အစားထိုး နေရာချထားပေးသည့် ဧရိယာတွင် အခြေခံ အဆောက်အအုံ မြှင့်တင်မှုအတွက် လိုအပ်မည့် နည်းပညာပိုင်း အဆိုပြုချက်များ တင်သွင်းခဲ့သည်။ ထို့နောက် ဒေသခံများနှင့် အလုပ်ရုံ ဆွေးနွေးပွဲများ၊ အစည်းအဝေးများလည်း ဆက်တိုက် ပြုလုပ်ခဲ့သည်။ ၎င်းတို့၏ လက်တွေ့ လိုအပ်ချက်များနှင့် စစ်တမ်းရလဒ်များကို အခြေခံကာ အခြေခံ အဆောက်အအုံ မြှင့်တင်ရေး စီမံကိန်း သုံးရပ်ကို ဖော်ထုတ် သတ်မှတ်ခဲ့သည်။ ယင်းတို့မှာ နေအိမ်များကို အဆင့်မြှင့်ရန်၊ လူနေဧရိယာအတွင်းမှ ရေတွင်းများ၏ သန့်ရှင်းမှုများကို အဆင့်မြှင့်ရန်၊ ရေဆင်းကောင်းမွန်မည့် မြေအောက်ပိုက်လိုင်းတစ်ခု တည်ဆောက်ရန်တို့ ဖြစ်သည်။ ထိုစီမံကိန်းများကို လက်တွေ့အားဖြင့်လည်း ပြီးစီးထမြောက်အောင် အကောင်အထည် ဖော်နိုင်ခဲ့သည်။ ထို့အပြင် လက်နှိပ် ရေတုံကင် လေးခုကိုလည်း အဆင့်မြှင့်တင်ပြီး အစားထိုးမှုများ ပြုလုပ်ပေးခဲ့သည်။

Upgrading and Cleaning of existing wells

Upgrading of houses Construction of a new culvert at the creek

လူမှုကောင်းကျိုးထောက်ပံ့ရေး အစီအစဉ်များ

၂၀၁၄ ခုနှစ် နှောင်းပိုင်းတွင် ပထမအကြိမ် ပြင်ပရှုထောင့်မှ စောင့်ကြည့်စစ်ဆေးခြင်းနှင့် ပြန်လည်ဆန်းစစ် သုံးသပ်ခြင်းများ ပြုလုပ်ပြီး ရှာဖွေတွေ့ရှိလာသော အချက်အလက်များကို အခြေခံကာ စီမံကိန်းကြောင့် ရွှေ့ပြောင်းရမည့် လူပုဂ္ဂိုလ်များအတွက် စပ်ကူးမတ်ကူးကာလ ငွေကြေး ခံစားခွင့် အစီအစဉ် တစ်ရပ်ကို အဆိုပြုခဲ့သည်။ ယင်းသည် စီမံကိန်းကြောင့် ရွှေ့ပြောင်းရသူများ အနေဖြင့် ၎င်းတို့၏ ဘဝနေထိုင်မှုကို ပြန်လည် တည်ဆောက်ရာတွင် အထောက်အကူ ရရှိနိုင်စေရန် ဖြစ်သည်။ အပိုဆောင်း ဖြည့်ဆည်းကူညီသည့် အစီအစဉ်ကို လူမှုကောင်းကျိုး ထောက်ပံ့ရေး အစီအစဉ် (SWSP)ဟု သတ်မှတ် ခေါ်ဆိုခဲ့သည်။

SWSPကဲ့သို့ ကြားဖြတ် ခံစားခွင့်ဆိုင်ရာ အစီအစဉ်များသည် မြေသိမ်းမှုနှင့် ပြန်လည်နေရာချထားရေးဆိုင်ရာ လုပ်ငန်းစဉ်များတွင် သမားရိုးကျ အခြေအနေမျိုး ဖြစ်သည်။ အဆိုပါ ငွေကြေးခံစားခွင့်မျိုးသည် ယေဘုယျအားဖြင့် နစ်နာကြေး ပေးချေသော အစီအစဉ်နှင့် သီးခြားစီ ဖြစ်သည်။ တစ်နည်းအားဖြင့် အပိုဆောင်း ပေးအပ်သည့် ထောက်ပံ့မှု စံနှုန်းများဟု ဆိုနိုင်သည်။ ယင်းအစီအစဉ်များတွင် ငွေသားဖြစ်စေ၊ အခြားသော နည်းလမ်းတစ်မျိုးမျိုးဖြင့် ကူညီခြင်းမျိုးဖြစ်စေ ပါဝင်သည်။ ထို့အပြင် နိုင်ငံတကာအဆင့် ကောင်းမွန်သော စံနှုန်းများနှင့်လည်း လျော်ညီအောင် ညှိနှိုင်းထားရသည်။ မူလဝင်ငွေ အခြေအနေသို့ ပြန်လည် ရောက်ရှိစေမည့် အစီအစဉ်တွင်မူ ငွေသားဖြင့် တိုက်ရိုက်ပေးချေခြင်း မဟုတ်ဘဲ ဘဏ်စာရင်းများထဲ ငွေဖြည့်တင်းပေးခဲ့သည်။
SWSP အတွေးအမြင်ကို လူမှုအဖွဲ့အစည်း ကိုယ်စားလှယ်များ၊ ဘာသာရေး ခေါင်းဆောင်များ အပါအဝင် ဒေသခံ လူ့အဖွဲ့အစည်းက လေးစားထောက်ခံသူများနှင့် တွေ့ဆုံဆွေးနွေးပြီး အကောင်အထည်ဖော် သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။

ထောက်ပံ့မှုများ ပြုလုပ်နိုင်ရန်အတွက် စီမံကိန်းကြောင့် ရွှေ့ပြောင်းရသည့် လူပုဂ္ဂိုလ်များကို ဘဏ်စာရင်းများ ဖွင့်လှစ်နိုင်ရန် ကူညီပေးခဲ့သည်။
မိသားစုအလိုက် ဘဏ်စာရင်း စီမံခန့်ခွဲမှု နားလည်တတ်ကျွမ်းစေရန် သင်ကြားပေးခြင်းများကိုလည်း ၂၀၁၅၊ မတ်လမှ အစပြုခဲ့သည်။ ရည်ရွယ်ချက်မှာ စီမံကိန်းကြောင့် ရွှေ့ပြောင်းရသူများ အနေဖြင့် အိမ်ထောင်စု ဘဏ္ဍာရေး အခြေအနေကို ကြပ်မတ် ထိန်းသိမ်းတတ်စေရန် ဖြစ်သည်။

စီမံကိန်းကြောင့် ရွှေ့ပြောင်းရသူများ အနေဖြင့် ၎င်းတို့၏ လူနေမှုဘဝ ပုံစံသစ် ပြန်လည်တည်ဆောက်မှုတွင် SWSP အထောက်အပံ့ အစီအစဉ်ကို မည်သို့မည်ပုံ အသုံးချကြသည် ဆိုခြင်းနှင့် ၎င်းတို့၏ ကြွေးမြီတင်ရှိမှုများကို လျှော့ချနိုင်ခြင်း ရှိမရှိကို စောင့်ကြည့်လေ့လာမှု စစ်တမ်းများနှင့် နိစ္စဓူဝ လေ့လာဆန်းစစ်မှုများ ပြုလုပ်ကာ အစဉ်တစိုက် လေ့လာခဲ့သည်။